Monday, July 5, 2010

ပွဲကြည့်သူသက်သက်...

နင့်ခံစားချက်အံဆွဲကို
နင်ဆွဲဖွင့်ပြတော့ အစကဗလာနတ္ထိ
ပ၀ါလေးအုပ်လို့ ပြန်ဖွင့်ပြတော့
ငါ့အတွက် အချစ်တွေအပြည့်
အံ့ရော!!!
ငါ့နေ့စွဲတွေကို ဒိုင်ယာ၇ီထဲအရောက်ပို့
အမှတ်ရစရာတွေအဖြစ်ဖန်တီးပေးလို့
နင်ငါ့ကိုမျက်လှည့်ပြခဲ့တယ်နော်
တကယ်ပဲမျက်လှည့်ဆိုတဲ့အတိုင်း
ခဏအတွင်း နင်ပျောက်သွားခဲ့ပြန်တယ်
နင့်ကိုရှာခဲ့တဲ့ ငါ့နေ့စွဲတွေကို ကြည့်တော့
ဝေခွဲမရခြင်းနဲ့ မျက်ရည်တွေ ပြည့်လို့
နောက်ဆုံး နင့်ခံစားချက်အံဆွဲကို
(နင်သော့မခတ်ခင်)
ငါပြန်ဖွင့်ကြည့်တော့
ငါ့အတွက်ဆိုတဲ့ အချစ်တွေ
ပျောက်ကုန်ပါပေါ့လား
နင် မျက်လှည့်ပြသွားခဲ့ပြန်တယ်
နင့်ရဲ့ ငါ့အတွက် နောက်ဆုံးပြကွက်
ပြောင်မြောက်လွန်းလို့
ငါလက်ခုပ်တီးမိတယ်
ဆို့နင့်နေတဲ့ နှလုံးသားနဲ့ မျက်ရည်တွေကြားကပေါ့....။

ဂျူလိုင် 4

စိန်ပန်းတွေ ပွင့်တာ
ဒါနောက်ဆုံးလား
ဒီနှစ်အတွက် နောက်ဆုံးလား

နင့်အချစ်တွေပေးခဲ့တာ
ဒီနေ့ကနောက်ဆုံးလား
တစ်သက်တာအတွက် ဒီနေ့ကနောက်ဆုံးလား....။

5မိနစ်ပဲလွမ်းတယ်

နင် ငါ့ရင်ဘတ်တံခါးကိုလာခေါက်တယ်
ငါဖွင့်ပေးအောင် နင်လာဘ်ထိုးတယ်
ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုတွေကို
နင်ထုပ်ပိုးပြီး ငါ့ကိုလာဘ်ထိုးတယ်
ငါ့အတွက်လိုအပ်တဲ့အရာမို့ ငါလက်ခံပြီး
နင့်ကိုငါယုံကြည်ခဲ့တယ်
အချိန်ကြာတော့
ငါလက်က စေးပျစ်ပျစ်ဖြစ်လာတယ်
ဘာများလဲလို့ ငါစမ်းကြည့်တော့
ယိုဖိတ်နေတဲ့ ငါ့နှလုံးသွေးတွေပါလား
ငါ့မြင်ကွင်းေ၀၀ါးလာတယ်
ဘာများလဲလို့ ငါသုတ်လိုက်တော့
မျက်ရည်တွေဖြစ်နေတယ်
အမြဲနင့်ဘေးမှာရပ်တည်မယ်လို့ ပြောခဲ့တဲ့နင်က
ငါ့ကိုလက်ပိုက်ကြည့်လို့
ငါ့ကျရှုံးခန်းကို နင်ထိုင်ဟားနေလိုက်တာများ
နင့်ရယ်သံက လောကကြီးကို ဖုံးလွှမ်းလို့တောင်နေတယ်
ရယ်လိုက်စမ်း ရယ်လိုက်စမ်းပါ
ဒါပေမယ့်
ငါ့ရင်က အနာကျက်တာ မြန်ပါတယ်ဟ...။

Wednesday, June 30, 2010

သတိ !အန္တရာယ်ရှိသည်

သစ္စာတရား
ဘယ်မှာလိုက်ရှာရမလဲ
စာကြည့်တိုက်ကြီးထဲက
နှစ်ချို့စာအုပ်တွေထဲမှာလား
လမ်းဘေးအဟောင်းဆိုင်တန်းက
စာအုပ်အဟောင်းတွေထဲမှာလား
ခုပဲချစ် ခုပဲမုန်း
ဘယ်မတုန်း သစ္စာ ငါရှာမတွေ့လို့ပါ
မချစ်ဘဲနဲ့များ ကြင်နာလို့ရလား
ပြောပြစမ်းပါ
ငါတကယ်ကိုမသိလို့ပါ
သစ္စာတရားရှိရာ သိကြရင်များ
လမ်းညွှန်ပေးနိုင်မလား
နင်ညွှန်ပေးတဲ့လမ်း
ငါတည့်တည့်ဝင်သွားလိုက်တာ
စာလုံးသုံးလုံး အနီရဲရဲရေးခြယ်ထားတယ်
သစ္စာတရားမဟုတ်ဘဲ
အန္တရာယ် တဲ့....။

ကောက်ချက်များ

မြင်အောင်ကြည့်ဖို့ကြိုးစားမလား
အားလုံးက ခံစားချက်စစ်စစ်တွေပါ
မျက်ရည်တွေနဲ့ အတူ အိပ်မပျော်တဲ့ညတွေ
ရင်ဘတ်တစ်ခုလုံးနဲ့ ရင်းပြီး ရလိုက်တဲ့ ဥပေက္ခာတွေ
မောဟိုက်ငိုရှိုက်သံတွေနဲ့
အချိုးကျနေတဲ့ စိုးရိမ်စိတ်တွေ
အားလုံးပေါင်းစပ်ပြီးမှ
စကားလုံးတစ်ခုဖြစ်တည်
ကဗျာတစ်ပုဒ်မွေးဖွားသန့်စင်လိုက်တယ်
အားလုံးအမြင်မှာ လှနေလား
ဒါမှမဟုတ် အကျည်းတန်နေလား
အဆင့်မမီသေးဘူးလား
ဒါပေမယ့်...
ကဗျာတစ်ပုဒ်ဖြစ်ဖို့ရင်းလိုက်ရတဲ့
ရင်ဘတ်ကြီးနဲ့ မျက်ရည်တွေကို
ဘယ်သူမြင်လို့ ကောက်ချက်ချမှာလဲ..။

နောက်ကျောက...

ပျော်ရွှင်စရာ နေ့ရက်တွေ တစစီပျက်သုဉ်းလို့
သံသယနေ့ရက်တွေ ပိုများလာတယ်
ဆုံစည်းခြင်းရဲ့ နောက်က ခွဲခွာခြင်း
ငါ့ကိုပျက်ရည်ပြုနေလိုက်တာများ
သစ္စာတရားအကြောင်းပြောမိလို့တဲ့
ငါရှာနေဆဲ ရှာနေတုန်းပဲ
သစ္စာတရားကိုတွေ့လိုက်တယ်
သြော်.. စာအုပ်ထဲမှာပဲ
ငါလိုချင်တဲ့အချစ်ကိုလည်း
ခဏတွေ့လိုက်တယ်
ငါ့စိတ်ကူးထဲမှာပဲ
အိပ်မက်ကနိုးထတော့
သစ္စာတရားနဲ့ အချစ်ပျောက်ကွယ်
ငါ့နှလုံးသားမှာတော့ ဒဏ်ချက်တွေချည်းပဲ
နှလုံးသားကို လာထိတဲ့ ဓားချက်တိုင်းက
မတော်တဆမဟုတ်ဘူးဆိုတာ
ငါနားလည်ခွင့်ရလိုက်တယ်....။

အိမ်ပြန်ည

ဆူဆူညံညံ ညကိုတွေ့ဖို့
ငါကပဲ သွားရောက်တွေ့ဆုံခဲ့တယ်
သူများရဲ့စကားတွေကြား
ငါ့အတွေးတွေ လိုက်လွင့်မျောရင်း
ငါ့အကြည့်တွေက မျဉ်းပြိုင်တွေဆီ
ငါ့စိတ်ကူးတွေ လက်ဖက်ရည်ခွက်ထဲရောက်လိုက်
ရေနွေးအိုးထဲက ပြန်သွန်ချလိုက်နဲ့
ပေါက်ကွဲသံစဉ်တွေ ငါ့နားစီးမျောနေတုန်း
ငါမနှစ်မြို့တဲ့ စီးကရက်တွေ အငွေ့တွေ
ရှောင်လွှဲဖို့မေ့လို့ ရှုရှိုက်နေတုန်း
ကျိုးကြောင်းသင့်စကားပါ အဆုတ်ထဲထိရောက်သွားတယ်
ဦးနှောက်အခန်းထဲမှာ ပြည့်နေလို့
သွန်ချလိုက်တဲ့ စာရင်းတွေ
အခုတော့လည်း အမှိုက်ပုံးထဲရောက်နေပြီ
ငါ့ဆီကနေ ထွက်ပြေးကြမယ့် ပကာသနတွေလည်း
စားပွဲထိုးပါးစပ်ဖျားမှာ ပျော်မြူးလို့
ဆူဆူညံညံညကို ကျောခိုင်းတော့
တိတ်ဆိတ်ညက ထွေးပွေ့ထားလိုက်တာများ
ငါ့မျက်ရည်တွေတောင် ခန်းလို့............။

game over !!

အလည်လွန်လာတဲ့ ငါ့ရှုံးနိမ့်မှုတွေ
မကြည့်ချင်လို့ တံခါးအလုံပိတ်ထားတယ်
ရခဲ့ဖူးတဲ့ ရှုံးနိမ့်ရဲ့ ရနံ့တွေ
ငါပြန်ရှူရှိုက်ဖို့ခက်လို့
နောက်ကြောင်းပြန်လှည့်လို့

ကယ်တင်မလိုနဲ့ ပစ်ချသွားတဲ့နင့်ကို
အချစ်တွေ ပေးလိုက်
အရှုံးတွေ ငါ ပြန်ထွေးပိုက်လိုက်နဲ့
အသိစိတ်တွေ ပျောက်ဆုံးကုန်လို့
အမြန်ခရီးနှင်ပြီး ပြန်ရှာနေတုန်း
လိုက်မမှီတော့တဲ့ ခေတ်သစ်အချစ်ဒဿနတွေကြား
ငါ့အယူအဆဟောင်းတွေ ဖက်တွယ်ထားမိတယ်
ငါ့မှတ်တမ်းမှာ အနာဂတ်ကောင်းဖို့
ငါကြိုးစားရင်း မမျှော်လင့်ဘဲ
ရလာခဲ့တဲ့ ဥပေက္ခာတွေနဲ့ အရှုံးတွေကြောင့်
ငါ့အခန်းလေး
အခုတော့...
Game over!!!!!!!!!!

Friday, May 7, 2010

4 7 2010

မိုးကုတ်စက်ဝိုင်းမှာ
တိမ်မဲတွေက တိမ်ဖြူတွေကို
တဖြည်းဖြည်း ဆွဲကြိုးချဖို့စီရင်နေတယ်
တိမ်ဖြူတွေက အလျားလိုက်ဆန့်ထွက်ခိုက်
မိုးသားက သတိပေးထစ်ချုန်း
ငါ့ရင်မှာ လာရွာတယ်
သည်းလိုက်တဲ့မိုး!!!!!!
မျက်ရည်တွေပါ ရောပါသွားတာ
မိုးစက်လေးတွေပဲ သိလိုက်တယ်.....။

Wednesday, May 5, 2010

အပေးအယူ

အများဆန္ဒတွေကို ဖြည့်ဖို့ ကြိုးစားလိုက်တဲ့အခါ
ငါ့ရဲ့ဆန္ဒတွေ ဖယ်ရှားခံလိုက်ရတယ်
ငါ့ရဲ့ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့
သွေးအေးသွားမှ ထပ်တောင်းဆိုလိုက်တဲ့အခါ
ဆူညံသံတွေက ဖုံးလွှမ်းသွားပြန်တယ်
ဆူညံသံတွေကြားမှာ
ဝင် ၀င်လာတတ်တဲ့ လေတွေကြား
ငါ့ဒေါသတွေ ပါမသွားအောင်
ထိန်းချုပ်ထားရတယ်
အပေးအယူတွေ မမျှတော့တဲ့အခါ
အရာအားလုံးက စိတ်ပျက်စရာပဲ
ကောင်းမှုတွေထဲက ကောင်းကျိုးရှာလို့
အပင်ပန်းခံ ထုဆစ်လိုက်တဲ့အခါ
နောက်ဖြစ်လာမယ့် ကိစ္စကိုမေ့ပြီး
လတ်တလော ဖြစ်ရပ်
အကောင်းဆုံး ဖြစ်ဖို့ ထုဆစ်လိုက်တော့
ရောက်လာပြန်တယ် ၀င်လာပြန်တယ်
လေတွေပေါ့......
ထုဆစ်ထားတာက
ကောင်းမှုထဲကကောင်းကျိုးပါပဲ
ရလာတဲ့ လေတွေကတော့ ခါးလှချည်ရဲ့.....။

Tuesday, May 4, 2010

အပေအတေ

ငါဘာလုပ်ရမလဲ
ငါဘာလုပ်သင့်လဲ
မေးခွန်းတွေပြည့်ကျပ်နေတဲ့
လူငယ်တစ်ယောက်ရဲ့ ရင်ဘတ်အခန်းကျဉ်းလေးထဲမှာ
ကိန်းဂဏန်းတွေ အက္ခရာတွေပြည့်လို့
မှိုတက်နေတဲ့ အချစ်တွေကို ဘေးဖယ်ရင်း
ရှေ့ဆက်လမ်းအတွက် ခဏတာကျော်ကြည့်လိုက်တော့
တွေ့ရမယ့် အခက်အခဲတွေ ကြိုဆိုလို့ပါလား
နားလည်မပေးကြတဲ့ ငါ့ခံယူချက်တွေ
ငါ့ ခံစားချက်တွေ ငါ့လုပ်ဆောင်ချက်တွေက
အားလုံးအမြင်မှာ မလိုအပ်သေးဘူးတဲ့
ထားလိုက်ပါ
ခံယူချက်တွေ လုပ်ဆောင်ချက်တွေက
အသက်အရွယ်နဲ့များ ပိုင်းခြားထားလား
မေးလိုက်ချင်ရဲ့...
ငါ့ ကြိဲုးစားမှုတွေ ငါ့ခံယူချက်တွေ
အရာမရောက်သေးသရွေ့
ငါဟာ အားလုံးအမြင်မှာ
အသုံးမကျတဲ့ အပေအတေ တစ်ကောင်...။

လဆုတ်

စန္ဒာကွယ်ပျောက် ကြယ်ရောင်တောက်လို့
ညချိန်ခါမှာ ကောင်းကင်ကိုငေး
အထီးကျန်လို့ မချမ်းမြေ့ဘူး
ဆိုးကောင်းတိုင်ဖော် စန္ဒပျောက်လို့
ငွေရောင်တောင်ပ ကြယ်လေးကိုသာ
အမှာပါးလိုက်တယ်
ခွန်းစတွေခြွေလို့...။

အများနဲ့ငါ

နင့်မွေးနေ့နဲ့ နေ့ထူးနေ့မြတ်တွေမှာ
ဘုရားတက်လို့ ပန်းကပ်တယ်
နင်ကျန်းမာစေဖို့ ရည်ရွယ်လို့
ငါ့ကို အားလုံးကပြောကြတယ်
တဖက်သတ်ဆန်လိုက်တာ
တဖက်သတ်ဆန်လား ငါမသိဘူး
ငါ့အချစ်မှာ အနိုင် အရှုံးတွေ တဖက်သတ်တွေ
မရှိဘူး
ငါ တတ်နိုင်သလောက် နင့်အတွက်
လုပ်ဆောင်ပေးချင်တဲ့ ဆန္ဒပဲရှိတယ်
အဲ့ဒါက တဖက်သတ်ဆန်တာလား
အမြဲတမ်းလည်း ငါ့စိတ်ထဲမှာ
နင့်အတွက် ဆိုတာပဲရှိတယ်
ဒါကလည်း တဖက်သတ်ပဲတဲ့
အားလုံးက ပြောကြတာ....။

ပြောကြတာပဲ

အမှတ်တရတွေ
များလွန်းလှတယ် ထင်မိတာ...
သေချာရေတွက်ကြည့်တော့
နင့်ဦးနှောက်ထဲမှာ သေးသိမ်သွားတယ်
ငါ့ဦးနှောက်ထဲမှာ အခန်းပြည့်သွားတယ်
ဘာပဲဖြစ်ဖြစ်ပါ ငါ့ကိုနင်သိနေသေးတာပဲ
တိုက်ဆိုင်မှုတွေကိုတော့ သတ်ပစ်လိုက်ချင်တယ်
ငါ့စိတ်ကို ခဏခဏ ဒုက္ခပေးတာကိုး
အချစ်ဆိုတဲ့ ကောင်ကိုတော့ ကြောက်လို့
ဝေးဝေးကနေ ရှောင်မိတယ်
ရှောင်ကာမှ အဲ့ကောင်(အချစ်)က
ငါ့ကို ဆွဲခေါ်လို့
နင်နဲ့ မိတ်ဆက်ပေးခဲ့တယ်
အခုတော့ ဒုက္ခတွေရောက်ပြီး
အဲ့ကောင် (အချစ်)က ဝေဒနာတွေပေးခဲ့တယ်
အဲဒီ့ ဝေဒနာကို ကင်ပွန်းတပ်သံကြားဖူးတယ်
ဘာရယ်......
"အသည်းကွဲဒဏ်ရာ" တဲ့

Friday, April 23, 2010

ချစ်သူ့ဆည်းလည်း

ပြောသည့်စကား
ပြောသူမေ့၍ ၊ နေရက်ပါလည်း
အတိတ်ခင်တွယ် ၊ သည်မိန်းမဖို့
မမေ့စကောင်း ၊ ရင်၌ချည်၍
ချစ်ခြင်းမေတ္တာ ၊ မျှော်လင့်သော်လည်း
သူ့ရယ်သံများ ၊ မကြားနိုင်ပြီ...။

လရောင်ဝါရက်များ

ရွှေလရောင်မယ် ၊ ရောင်စဉ်ပက်ဖြန်း
စိတ်အစဉ်က ၊ တိုင်တည်မိသေး
သတိရကြောင်း ၊ သိစေရန်နှင့်
ရွှေလမင်းထံ ၊ အမှာတော်ပါးလို့
အို....
ဒီလိုညတွေ ထပ်ခဲ့ပြီမောင်။

အတိတ်ဆူး

အနေနီးလည်း ၊ စိတ်ချင်းဝေးကွာ
ဆန္ဒဝေးကွာ ၊ ငါ့ဖြစ်အင်က
မုန်းရက်သူက ၊ မုန်းခဲ့ပြီမို့
ချစ်သည့်စိတ်ကို ၊ ကြိုးစားမေ့ရင်း
အတိတ်ဖြစ်ရပ် ၊ ရင်ကိုနာရန်
အခါခါပင် ၊ နှိုးဆွလေ၏။

ဆန္ဒမွန်ဖြင့်

အတိတ်ကို ပြန်ကာလွမ်းမိလို့
ဒီရင်မှာ ပြန်ကာတမ်းတလို့
သြော်...ချစ်ဦးသူရယ်
အဝေးမှာ
သူ ပျော်နိုင်ပါစေလ။

Wednesday, April 21, 2010

ကူညီနိုင်ကြပါစေ

မိခင်ဆိုတဲ့နေရာမှာ အများစုက ကိုယ့်သားသမီးနေရာရရေး ဦးစားပေးကြပေမယ့်
တစ်ချို့မိခင်တွေက ကိုယ်ကျိုးပဲကြည့်တယ် ဆိုရင် ယုံကြမလားဟင် ။
ဘတ်စ်ကားကလည်းစီးနေရတော့ ရေးစရာကလည်းများပ။ကလေးအော်သံ ကြားမှ ကျွန်မ
ခေါင်းငဲ့ကြည့်လိုက်တယ်။ မအေလုပ်သူက ခြင်းတောင်းတစ်ခုနဲ့ကလေးလေးက ၅ ၊ ၆
နှစ်လောက်ပဲရှိဦးမယ်။ ကလေးက အိပ်ချင်နေပုံပေါ်ပါတယ်။မအေကခြင်းတောင်းကို
ပေါင်ပေါ်တင်ပြီး ကလေးက ခြင်းတောင်းပေါ်ခေါင်းတင်ထားတယ်။ကားက ဒိုင်နာဆိုတော့
ဘေး၂ဖက်မှာပဲထိုင်လို့ရပါတယ်။လူကြီးတွေတက်လာတိုင်းကလေးကိုတိုက်မိတယ်။ ကားက
စောင်းတိုင်းကလေးအပေါ် ပိမိတယ်။ အမှန်ဆို ခြင်းတောင်းကိုအောက်ချပြီး
ကလေးကိုပေါင်ပေါ်တင်သင့်ပါတယ်။ကလေးကမတ်တပ်မရပ်နိုင်တာကိုတောင်မအေလုပ်သူက
ဆူလိုက်သေးတယ်။တကယ်အံ့သြမိပါတယ်။ ကျွန်မအမေသာဆိုရင် ကျွန်မကိုထိုင်ခိုင်းပြီး
ခြင်းတောင်အောက်ချကာ အမေက မတ်တပ်ရပ်နေမှာသေချာပါတယ်။ မြင်ကွင်းတွေကပဲ
ကိုယ့်အတွက်ဆန်းနေလို့ ရေးစရာတွေများဖြစ်ခဲ့သလားမသိတော့ပါဘူး။ ကျွန်မ ငယ်ငယ်က
အညာမှာနေဖူးတယ်။ အဖိုး (အဖေဘက်မှ) ကစစ်အင်ဂျင်နီယာဆိုတော့
မြေကွက်တွေရတတ်ပါတယ်။မုံရွာ(အလုံ)မှာ မြေကွက်ရလို့ ငယ်ငယ်လေးက
ကျောင်းတက်စမှာသွားနေ၇တယ်။အညာဒေသမှာ ဘုန်းကြီးတွေကို အရမ်းလေးစားပြီး
ဦးစားပေးကြတယ်။မထီမဲ့မြင်တစ်ယောက်မှမလုပ်၇ဲပါဘူး။ဘုန်းကြီးအ၇ိပ်မတက်နင်းမအောင်လဲ
နေရပါတယ်။နွေရာသီကျောင်းပိတ်ရက်ဆို BUDDHA
ဘာသာသင်တန်းတက်ရပါတယ်။ဘုန်းကြီးကျောင်းကသင်ပေးပါတယ်။အညာကလူတွေက စကားကို
ဘွင်းဘွင်း ပဲပြောတတ်ပေမယ့် အင်မတန်ရိုးသားသူတွေပါ။ ၇န်ကုန်ပြန်လာတော့ အညာသူမ
လို့ကျွန်မ ကိုခေါ်ကြတယ်။ စိတ်မဆိုးပါဘူး ကျွန်မ နှစ်ခြိုက်တယ် ။တစ်ခါ
ရောင်တော်ဖွင့်အဖွဲ့၇ဲ့ စုရပ်ကို သွားဖို့ ကားစီးပါတယ်။မှတ်တိုင်တစ်ခုမှာ
သံဃာတော် ၄ပါးတက်လာပါတယ်။.ရှေ့ဘက်ခြမ်းက သံဃာတော် ဦးစားပေးနေရာမှာ
ယောက်ျားတွေထိုင်နေကြတယ် ။အဖွားကြီးအရွယ်တွေလဲပါ
ပါတယ်။ကားကလဲလူပြည့်နေပါတယ်။ဦးလေးကြီးတွေကလည်း တစ်ယောက်မှမထကြပါဘူး။
ဘာသိဘာသာပါပဲ။သံဃာတော်များဦးစားပေးရန် ဆိုတဲ့စာသားလေးက
ဘယ်များရောက်သွားပါလိမ့်။အရင်ကနဲ့တူကြသေးရဲ့လား။ အရာရာက တိုးတက်လာပါတယ်
ဖွံဖြိုးလာပါတယ်။ဒါပေမယ့် လူတေတစ်ချိွု့ရဲ့
စိတ်တွေအောက်တန်းကျကုန်ပြီ။ထိုင်နေတဲ့လူတွေထဲမှာ BUDDHA ဘာသာ
၎ယောက်လောက်ကတော့ပါ မှာပါ။ဘုရား၇ဲ့သားတ်ေတွေကိုတောင်မှ မျက်နှာလွှဲထားတဲ့
ပုဂ္ဂိုလ် တွေကို ကျွန်မ
ဘယ်လိုများနားလည်မှာပါလိမ့်။စပယ်ယာကလည်းလိုပါတယ်။တခြားစပယ်ယာတွေဆိုရင်
နေရာစီစဉ်ပေးပါတယ်။စီမံခန့်ခွဲမှု က စပယ်ယာတွေမှာလည်း
ရှိသင့်ပါတယ်။ကျွန်မရဲ့မောင်နှမတွေလည်း ကိုယ်ကိုးကွယ်ရာဘာသာကို မြတ်နိုး
တန်ဖိုးထားပြီး ကူညီနိုင်ကြပါစေ......။

မေ့လို့မရသေးဘူး

ချစ်သူ
ငါငိုချင်လာတယ်
online က mymcradio အစီအစဉ်လေးက
သီချင်းတွေတောင်းလို့ရတယ်လေ
နင် သိစေဖို့ငါ နင့်အတွက် သီချင်းတော င်းပေးချင်လိုက်တာ
ဒါပေမယ့်...
နင်က ငါပေးတဲ့ သီချင်းဆိုအ၇င်လိုနားထောင်ပေးတော့မဟုတ်သလို
နင် ငါ့ကိုအမြင်ကတ်သွားမလား
တွေးရင်း တွေးရင်း
ငါငိုချင်တယ်
နင်သိပါစေတော့ ငါ့ရင်ထဲကအချစ်တွေပေါ့
ငါအ၇မ်းမုန်းတယ်
တလိမ့်လိမ့်ကျဆင်းလာတဲ့
ငါ့မျက်ရည်တွေကိုရော
ဆုံးရှုံးခြင်းကိုခံယူထားတဲ့
ငါ့နှလုံးသားက နာကျင်မှုတွေကိုရော
ငါအရမ်းမုန်းတယ် ချစ်သူ....။

ဖြစ်ခွင့်မရတဲ့ဘဝ

လူ့ဘ၀ဆိုတာ ဘာလဲ
မျှော်လင့်ချက်တွေရှိနေတဲ့ကလေး တစ်ယောက်ကို
စောစောစီးစီး ရောဂါတစ်ခုနဲ့ သတ်ပစ်
လူအများ၇ဲ့ ဂုတ်သွေးစုတ်ပြီး ကြီးပွားနေတဲ့
စီးပွားရေးပညာရှင်တွေ
အခုထက်ထိသက်ဆိုးရှည်နေတုန်း
ဒါများလား လူ့ဘ၀က
ငါသိလိုက်တော့ ငိုမိတယ်
ရှေ့လျှောက်ဒီလိုပဲ ဆက်၇မယ်ဆိုတာသိတော့ ငါထပ်ငိုမိတယ်
ပူလောင်မှုတွေနဲ့ပြည့်နေတဲ့ဘ၀မှာ
အသက်ရှည်နိုင်ပါ့မလား
သူများတွေရဲ့ သွေးနဲ့ အသက်ရှင်နေတဲ့
လူတစ်ယောက်မှာ သူ့ရည်ရွယ်ချက်တွေအားလုံး
မြောင်းထဲ လွှင့်ပစ်ပြီး တစ် စက်ကန့် ၊ တစ် နာရီ လောက်
ဆက်အသက်ရှင်ဖို့ စဉ်းစားနေမယ်
ဝေဒနာတွေခံစားရင်း သူမြတ်နိုးတဲ့ ဆံပင်တွေ
ပျောက်ကုန်တယ်
နာကျင်မှုတွေခံစားရင်းနဲ့ ဆက်အသက်ရှင်ဖို့
သွေးစုတ်ဖုတ်ကောင်တစ်ကောင်လို
သွေးတွေကို ငမ်းငမ်းတက်လို့
ဒီလိုပူလောင်တဲ့ဘ၀မှာ
ညီမလေး ထပ်ပြီး များ အသက်ဆက်ပါဦးလို့
ငါပြော၇င်
ငါမှားသွားလား ???

(သွေးကင်ဆာရောဂါနဲ့သေဆုံးသွားတဲ့ ညီမလေး ကစ်ကစ် အတွက်)

အပြစ်တင်ခြင်းမှကင်းလွတ်ကြပါစေ

ကျွန်မ ပရဟိတဆိုတဲ့အလုပ်ကို လုပ်ချင်ခဲ့တာ ၆ တန်း ၇ တန်း
ကတည်းကပါ။ခုမှစတယ်ဆိုရုံလေးရှိသေးတာပါ။ပရဟိတဆိုတာ တသီးတသန့်လုပ်စရာမလိုဘူးဆိုတာ
သင်ပြပေးတဲ့သူရှိပါတယ်။အဲ့ဒီနေ့က ကျွန်မ ရောင်တော်ဖွင့်အဖွဲ့ (gooddeep) နဲ့
စလိုက်တဲ့နေ့ပါ။လောကထဲစရောက်တဲ့နေ့ပါပဲ။ စုရပ်ကနေ ဘုန်းကြီးကျောင်းကိုသွားဖို့
ကားတစ်ဆင့်စီးရပါတယ်[စီးရပြန်ပြီး) ] အဲ့အဖွဲ့က အကိုတစ်ယောက်က
အဘွားကြီးတစ်ယောက်ကို ကူညီလိုက်တာမြင်တော့ ကိုယ်သာဆိုရင်..
ဆိုတဲ့အတွေးက၀င်လာပါတယ်။ကျွန်မအဲ့အဖွဲ့ကိုဝင်မိတဲ့အတွက်
အကျိုးကျေးဇူးတော်တော်၇တာပါ။ အကိုတစ်ချို့ဆိုရင် ပုံစံက ပေါ့ပျက်ပျက်
နိုင်ပေမယ့် တကယ် စိတ်ထားကောင်းသူတွေပါ။( အဲ့အဖွဲံ့ကို ၀င်ဖြစ်အောင်
ပြောပြတဲ့ကိုဇီးကွက်ကိုလဲ တကယ်ကျေးဇူးတင်ပါတယ်) အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့နောက်
ကျွန်မ စိတ်တွေပြုပြင်လိုက်တယ်။ အ၇င်ကဆို လူတစ်ယောက်၇ဲ့ ပုံပန်းသွင်ပြင်ကို
ကြည့်ပြီး ဆုံးဖြတ်မိမှာပါ။အခုတော့ဘယ်လိုပုံစံရှိတဲ့ လူပဲဖြစ်ဖြစ် ကူညီတတ်တယ်
ကြင်နာတတ်တယ်ဆိုတာ သိလိုက်ပါတယ်။ကျွန်မက
အပြစ်တင်တတ်သူပါ။ကျွန်မတို့အိမ်မှာအရင်ကတည်းက ဆွမ်းခံကြွနေတဲ့ ဘုန်းကြီး
တစ်ပါးရှိပါတယ်။ အဲ့ဆရာတော်က အပြစ်မတင်တာက လူ့စိတ်ကိုငြိမ်းချမ်းစေကြောင်း
သီတင်းကျွတ်လပြည့်နေ့က တရားဟောပါတယ်။အပြစ်တင်ခါနီးတိုင်း ဆ၇ာတော်၇ဲ့
စကားကိုအမှတ်ရမိပါတယ်။ဘယ်သူဘာပြောပြော ဒါသူ့ရဲ့
အမြင်ပဲလေလို့နားလည်တတ်လာပါတယ်။ကျွန်မရဲ့မောင်နှမတွေလည်း အပြစ်တင်ခြင်းမှ
ကင်းလွတ်ကြပါစေ....။

ဘုန်းကြီးများကိုလေးစားကြပါ ရိုသေကြပါ

မယ်သီလရှင်အသံကြားတိုင်းအိမ်ကမောင်နှမတွေက အပြေးအလွှား ဆန်လောင်းကြပါတယ်။ကျွန်မ
အညာမှာနေတုန်းကအချိန်တွေကို
ပြန်သတိရမိတယ်။အညာမှာဆန်လောင်းတိုင်းကိုယ်ရပ်မယ့်နေရာနဲ့မလှမ်းမကမ်းမှာဖိနပ်ချွတ်ပြီး
လောင်းရပါတယ်။လမ်းမမှာပဲဖြစ်စေ နေပူသည်ဖြစ်စေ
ဖိနပ်ချွတ်လောင်းပါတယ်။ရန်ကုန်မှာတော့ ဒီအလေ့အထ ကိုမတွေ့ရတော့ပါဘူး။ဒီအတိုင်းပဲ
လောင်းလိုက်ကြတယ် ။မလုပ်သင့်ဘူးလို့ကျွန်မ ထင်တယ်။ကျွန်မတို့အညာမှာနေတုန်းက
ဦးစန်းကြီးမိသားစု ဆိုတာရှိပါတယ်။သူတို့မိသားစုက မွတ်ဆလင်တွေပါ။ ဒါပေမယ့်
ဘုန်းကြီး ၊ မယ်သီလရှင်တွေ ကြွလာတိုင်းလှူပါတယ်။ စေတနာက အဓိကပါပဲ
ဘယ်ဘာသာမှလှူမယ်လို့မရှိပါဘူးလို့ အမြဲပြောလေ့ရှိပါတယ်။ကျွန်မ ၉တန်းတုန်းက
ကျွန်မအန်တီနဲ့ မြို့ထဲ သွားဖို့ ကားငှားနေတုန်း လူတစ်ယောက်ေ၇ာက်လာပါတယ်။
(ကျွန်မတို့ကားငှားနေတဲ့နေရာက အင်းစိန်ထောင်နားမှာပါ)အဲ့လူက ကျွန်တော် ထောင်က
လွတ်လာတာပါ ပြန်ဖို့ လမ်းစရိတ်မရှိလို့ကူညီပါဗျာ လို့ မျက်နှာငယ်နဲ့ပြောပါတယ်။
ကျွန်မအဒေါ်က ပိုက်ဆံလှူလိုက်တော့ ကျွန်မ
တော်တော်အံ့သြသွားတယ်။ဘာလို့လှူလိုက်တာလဲလို့ တကယ်ဟုတ်လို့လားလို့မေးလိုက်တော့
သူက တကယ်ပြောတာဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ်ကလှူချင်လို့လှူလိုက်တာဘဲ
သူပိုက်ဆံလိုတာပဲဖြစ်ဖြစ် နာမည်ဖျက်ချင်တာပဲဖြစ်ဖြစ် ကိုယ်က လှူလိုက်တာပဲ
ပြီြး့ပီလေလို့ပြောခဲ့ပါတယ်။လှူမယ်လို့ဆုံးဖြတ်ပြီး၇င် ဘာမှမစဉ်းစားဘဲ
လှူတာကောင်းတယ်လို့ကျွန်မ ယုံကြည်တယ်။တန်ဆောင်တိုင်လပြည့်နေ့က ကျွန်မတို့
အိမ်ကိုဆွမ်းခံကြွနေတဲ့ ဘုန်းကြီးတစ်ပါးက ဘုန်းကြီးကျောင်းကိုလာဖို့
မိန့်လို့သွားလိုက်ပါတယ်ဘုန်းကြီးကျောင်းအပေါ်ထပ်က ကထန်လာခင်းတဲ့လူတွေေ၇ာ online
donation က ကျောင်းဆောင်သစ်ဆောက်ဖို့လာလှူတဲ့ သူတွေနဲ့ဆိုတော့
လူတွေပြည့်နေလို့အောက်ထပ်မှာနေလိုက်ပါတယ်။ အဖွဲ့ တစ်ဖွဲ့ကခေါင်းဆောင်တစ်ယောက်က
တော်တော်လေးနေရာယူပါတယ်။ အမြဲပျာယာခတ်နေပြီး သူကလွဲရင် အားလုံးက
မသိမတတ်တဲ့လူတွေလိုပြုမူတတ်ပါတယ်။အသက်က ၆၀ လောက်ရှိပါပြီ။ဘုန်းကြီးကျောင်းမှာ
ကိုရင်ငယ်ငယ် လေးတွေတော်တော်များပါတယ်။ကိုရင်ပဲဖြစ်ဖြစ် ဥုးဇင်း ပဲဖြစ်ဖြစ်
ဘုရားသားတော်က ဘု၇ားသားတော်ပါပဲ။ကျောင်းအောက်ကိုဆင်းတဲ့လှေကားနားမှာ
ခုံတန်းရှည် တစ်ခုရှိပါတယ်။အဲ့ဒီ့ ခုံပေါ်မှာ ကိုရင်လေးတွေထိုင်နေပါတယ် ။ကျွန်မ
က အဲ့နားမှာ မတ်တပ်ရပ်နေပါတယ်။ အဲ့အချိန်မှာ ဟိုလူက ဟေ့ ဟေ့ ဖယ်ပေးလုက်လေ လို့
ကျွန်မ ထိုင်ဖို့ အတွက်ကိုရင်လေးတွေကိုဖယ်ခိုင်းပါတယ်။ ကျွန်မကိုထိုင်စေချင်တဲ့
သူ့စေတနာကိုတော့ကျေးဇူးတင်ပါတယ်။ဒါပေမယ့် သူကိုရင်တွေကိုပြောတာက လူတစ်ယောက်ကို
ပြောတာ မာန် တာနဲ့တူနေပါတယ်။ ကျွန်မက မိန်းမသားဆိုပေမယ့်ကို၇င်လေးတွေက
ဘုရားသားပါ ။ကို၇င်တွေပဲ ထိုင်သင့်ပါတယ်။ အမှန်ဆိုရင် ကို၇င်တွေကို
ပြောတယ်လို့တောင်မသုံးသင့်ပါဘူး။ လျှောက်တယ် လို့သုံး၇မှာပါ။ သံဃာ
တွေနဲ့စကားပြောရာမှာ ''ဘူး တယ် ကိုဖျောက် ပါ ကို လှောက်
လျှောက်တတ်စေကွယ့်တပည့်၇ဲ့ ''လို့ ဘုန်းဘုန်း တစ်ပါးက
မိန့်ပါတယ်။အဲ့ဒီလပြည့်နေ့မှာ ဘုန်းကြီးကျောင်းကို လာလှူတဲ့
လူတွေတော်တော်များတာပါ။ဘုန်းကြီးကျောင်းရှေ့မှာ
ဘ.ကကျောင်း(ဘုန်းင်္ကြီးကျောင်းပညာသင်ကျောင်း)ရှိပါတယ်။ကြုံတုန်း ဘ.က
ကျောင်းအကြောင်းပြောချင်ပါတယ်။ကျွန်မတို့မြန်မာနိုင်ငံမှာ အစိုးရကျောင်းက
တော်တော်ဈေးသက်သာတာပါ။ဒါပေမယ့် ကိုချိခန့်ပြောတဲ့ ပြည့်စုံတာက ၃၀ %
မပြည့်စုံတာ၇၀% ဆိုသလိုပါပဲ။ ကျွန်မတို့လို လူလတ်တန်းစားတွေက
အစိုးရကျောင်းတက်နိုင်ပေမယ့် အတော် ဆင်း၇ဲ ချို့တဲ့ တဲ့ မိသားစုတွေကတော့ ဘ.က
ကျောင်းကိုပဲ အားထားနေရပါတယ်။ဘ.က ကျောင်းမှာ စာရေးကိ၇ိယာက အစ
ကျောင်းထိုင်ဘုန်းကြီး က ထောက်ပံ့တာပါ။မိဘဆရာအသင်းဖိုး၊ သန့်ရှင်းရေးဖိုး၊
အတန်းပိုင်အတွက် ပါတိတ် ဘာမှပေးစရာမလိုပါဘူး။ စာသင်ပေးတဲ့ ဆရာမ ၆၊၇
ယောက်ရှိပါတယ်။ဆရာတော်က ၁ လ ကို ၁ သောင်း ပေးပါတယ်။၁သောင်းက ဆ၇ာမတွေအတွက်
အဆင်မပြေနိုင်လို့ ဆေးဝါး ကုမ်ပဏီတစ်ခုက ၁ သောင်းထပ် လှူပါတယ်။အတန်းပညာအနေနဲ့ ၇
တန်းအထိသင်ပေးပါတယ်။ ၈တန်း ၉တန်း နဲ့ ၁၀ တန်း က အနားမှာ ရှိတဲ့ အ.ထ.က
ကျောင်းမှာထားပေးပါတယ်။ အစိုးရကျောင်းကိုတော့ ကျောင်းအိပ်ကျောင်းစား
ကျောင်းသားတွေဘဲထားပေးတာပါ။ ကျောင်းအိပ်ကျောင်းစား ၈ ယောက်လောက်၇ှိပါတယ်
ပအို့ဝ် တွေများပါတယ်။စာသင်တာကို ကို၇င်တွေလဲသင်ပါတယ်။ကျောင်းသားစုစုပေါင်း ၆၀၀
လောက်ရှိပါတယ်။ဆရာမတွေက ကျောင်းဆင်းပြီးလို့ ည်နေ ကျရင် ကျူရှင်သင်ပေးပါတယ်။
ကျူရှင်ခ က တစ်ရက်ကိုမြန်မာငွေ ၅၀ ကျပ်ပါ။ကလေးတွေတစ်ချို့က ၅၀ တောင်မတတ်နိုင်လို့
ကျူ၇ှင်မတက်တာလည်း ရှိပါတယ်။ ကလေးတွေအတွက် စာေ၇းကိ၇ိယာပဲဖြစ်ဖြစ် လှူချင်၇င်
လှူနိုင်ပါတယ်(ဒါက ကြော်ငြာဝင်တာ အဟဲ) စကားပြန်ဆက်၇ဦးမယ်။အဲ့ ဘ.ကကျောင်းထဲမှာ
ပဒေသာပင်တွေကို တန်းစီပြီး ချထားပါတယ်။သီချင်းတွေလဲဖွင့်ထားလူတွေကလည်း စည်တော့
ကိုရင်လေးတွေက ကျောင်းအ၀င်ဝ မှာ ရပ်ကြည့်နေပါတယ်။အဲ့အချိန်မှာ
အလှူရှင်တစ်ယောက်လာမယ်ဆိုလို့ ဟိုလူကြီး ပျာယာ ခတ်နေပါတယ်။ အလှူရှင်က
ကျောင်းထဲကို ၀င်တော့ ဟိုလူကြီးက ကိုရင်တွေကို ဖယ် ဖယ် ဆိုပြီး လက်နဲ့
ဆွဲဖယ်လိုက်ပါတယ်။ ဒါမျိုး လုံးဝ မလုပ်သင့်ပါဘူး။ အလှူရှင်က ဘာကြီးဘဲ ဖြစ်နေနေ
သူဒီလိုလုံးဝ မလုပ်သင့်ပါဘူး။အလှူရှင်က လည်း ဒီကျောင်းက သံဃာဆိုတဲ့
ဘုရားသားတွေကို လာလှူတာပါ။ဘာသာခြားတစ်ယောက်ကမြင်၇င် အထင်အမြင်သေးစ၇ာပါပဲ။
ဒါကြောင့် ကြီးကြီး ငယ် ငယ် BUDDHA ဘာသာဝင် တစ်ယောက်အနေနဲ့ ကိုရင်တွေကို
လေးစားသင့်ပါတယ်.....။

မရေမရာ

ပျော်ရွှင်စရာနေ့တွေပဲဖြစ်ခဲ့တာလား
ငါ့အတွက် ဘယ်တော့မှမသေမယ့်
အမှတ်တရတွေဖြစ်ခဲ့တာလား
ငါကပဲစိတ်ကူးယဉ်ခဲ့တာလား
စိတ်ရင်းနဲ့ နင်ပြောဆိုခဲ့တာလား
နင် ဟန်ဆောင်ခဲ့တာလား
မြန်ဆန်တဲ့ ပြောင်းလဲမှုတွေကြား
သေချာသတိထားကြည့်ရင်
ခပ်မာမာငါက
ခစားသူနေရာမှ
ခံစားချက်တွေ စုတ်ပြတ်သတ်လို့....။

မသိခြင်းအရောင်များ

ငါမသိဘူးနော်
အချစ်တော့ အချစ်ပဲ
အရောင်တွေရောယှက်နေခဲ့ရဲ့
အဖြူရောင်တွေ
ပန်းရောင်တွေ
အနီဖျော့ဖျော့တွေ
ငါစပ်လိုက်တဲ့ အရောင်က အဖြူရောင်
ဆိုးလိုက်တော့လည်း အဖြူရောင်ပါပဲ
ဒါပေမယ့်...အရောင်ထင်လာတော့
အနီရောင် ခပ်ဖျော့ဖျော့
ငါ့ကိုယ်ငါ ရှုပ်ထွေးရင်း
အနာဂတ်လမ်းနဲ့ မှိုတက်အချစ်တွေရောနယ်လို့
ငါ့ရင်ဘတ်က ဆာလောင်မှုကင်း
အရှုပ်တွေကြား ခေါင်းငုံ့ဆဲ
အချစ်တွေကြား ငါရှက်ရွဲ့ဆဲ
ဒီလိုပဲ ငါ့နေ့တွေ...
ကြာလာတော့လည်း
ချစ်ရမှာ ၀န်လေးလာတယ်...။

Tuesday, April 20, 2010

ကြောက်စိတ်

ကျွန်မတို့လူငယ်တွေက စိတ်မြန်လက်မြန်ရှိကြတယ်။တခြားလူငယ်တွေဘယ်လိုလဲဆိုတာကျွန်မမသိပေမယ့် ကျွန်မကိုယ်တိုင်ကတော့ စိတ်မြန်ပြီး ဒေါသထွက်လွယ်တဲံ့လူတစ်ယောက်ပါ။ဘယ်ဘာသာေ၇းရှုထောင့်ကပဲကြည့်ကြည့် ဒေါသဆိုတာ မကောင်းပါဘူး။တစ်ချို့ကိစ္စတွေကပွင့်ပွင့်လင်းလင်း အမှန်အတိုင်း ပြောလိုက်လို့ပြီးပေမယ့် တစ်ချို့ကိစ္စတွေကနှုတ်ပိတ်နေရတာပါပဲ။များသောအားဖြင့်နှုတ်ပိတ်မနေတတ်တဲ့ကျွန်မက လူမုန်းခံ၇တတ်တယ်။
သူငယ်ချင်းကိုအနိုင်ကျင့်တာမြင်၇င် ၀င်ဝင်ပြောမိတယ်။အနိုင်ကျင့်ခံတဲ့သူကိုလည်းစိတ်တိုတာပဲ။သူ့အဖြစ်က သည်းခံတာနဲ့မတူဘူး။လုပ်သမျှကိုခေါင်းငုံ့ခံနေတာနဲ့ပဲတူပါတယ်။ကျွန်မနဲ့ကျွန်မအမေကကိစ္စတော်တော်များများမှာ မိတ်ဆွေတွေလို ပွင့်ပွင့်လင်းလင်းပြောကြတိုင်ပင်ကြတယ်။ကျွန်မကဘာပဲဖြစ်ဖြစ် မေမေ့ကိုကြိုပြောထားတယ်။တစ်ခုခုလုပ်မယ်ဆိုလည်း ပြောတယ်။အမေနဲ့သမီးကြားမှာကြောက်စိတ်ဆိုတာမရှိသလောက်ပဲ။ကျွန်မမှားတဲ့အခါတော့ကြောက်တာပေါ့အမေ့ကို။ကျွန်မသူငယ်ချင်းတစ်ယောက်က
သူ့အမေကိုတော်တော်ကြောက်၇တယ်။သူကြောက်ပုံက စကားကိုမပြောရဲတာပါ။ကြားကစက တော်တော်အံ့သြ၇တာပါ။သူက "programmingတွေမ၇ဘူး ကျူရှင်တက်ချင်တယ်အမေ့ကိုလဲမပြောရဲဘူး"တဲ့။သူ့စိတ်က ကြောက်စိတ်တွေကိုဆွဲထုတ်ပစ်လိုက်ချင်တယ်။"ကျူရှင်တက်မှာပဲ မဟုတ်တာလုပ်တာမှမဟုတ်တာနင့်အမေကမတတ်နိုင်တာလဲမဟုတ်ပဲနဲ့ ဘာမပြောရဲစရာရှိလည်း ပြောပေါ့"ဆိုတော့ ဟုတ်သားနော်ဆိုတဲ့1ခွန်းပဲပြောပြီး ငိုင်တိုင်တိုင်နဲ့။သူ့မှာ တစ်ပတ်လောက်အားယူလိုက်၇တယ်။သူ့အမကိုပြောပြီးတဲ့နေ့က ငါပြောလိုက်ပြီသိလား အမေက တက်လို့ပြောတယ်ဆိုပြီ ပျော်နေသေးတယ်
ကျွန်မှာ၇ယ်၇ခက် ငို၇ခက်ပါ။ဒါက အမေတွေနဲ့လည်း ဆိုင်တယ်လို့ကျွန်မထင်တယ်။မိခင်တွေက သားအမိအချင်းချင်း ပွင့်ပွင့်လင်းလင်း နွေးနွေး ထွေးထွေး ဆက်ဆံမှာ သားသမီးတွေက တိုင်ပင်ရဲမှာပါ။အဲ့ဒီ့ဆက်ဆံေ၇းက ဘ၀တစ်လျှောက် ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ရှိစေဖို့ အထာက်အပံ့ ဖြစ်တယ်လို့လည်း ထင်ပါတယ်။လူငယ်တစ်ချို့က ဘာကိုကြောက်မှန်းမသိကြောက်ပြီး သူတို့ကိုယ်ထဲ ကြောက်စိတ်ကို ဆေးထိုး အပ်နဲ့ အသွင်းခံထား၇သလိုပါပဲ။ကြောက်စိတ်ဆိုတာ လုံးဝမရှိ၇ဘူးလားဆိုတော့လည်း မဟုတ် သူ့နေရာနဲ့သူပါ။ဆရာမက row call ခေါ်တာ မထူးလိုက်၇လို့သွားပြောဆိုတော့လည်း ဟင့်အင်းကြောက်တယ်တဲ့ ကျွန်မ ဒေါသထွက်တယ် မိန်းကလေးကပြောတာမဟုတ်ပါဘူး ယောက်ျားလေးပါ။ဆ၇ာမလည်း သဘောကောင်းတာကို သူကလည်း အတန်းထဲမှာအမြဲမရှိပါဘူး ဒါကိုပဲသွားမပြောတော့လည်းနားလည်၇ခက်ပါတယ်။မျိုးဆက်သစ်လူငယ်တွေက ကြောက်နေတော့ ကျွန်မတို့နိုင်ငံအနာဂတ်ကတော့.......။နှုတ်ပိတ်နေတာကို ကျွန်မ မကြိုက်ဘူး။အဆင့်အတန်းခွဲခြားတာကိုမကြိုက်ဘူး အဆင့်အတန်းရှိသပဆိုတဲ့လူတွေ စာရိတ္တဖောက်ပြားနေတာတပုံကြီးပါ။ကိုယ်ကြိုက်တဲံအယူအဆကို အမှန်အတိုင်းလွတ်လွတ်လပ်လပ်ပြောစေချင်တယ်။သားအမိကြား မိတ်ဆွေအပေါင်းအသင်းကြား ကိုယ်ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်မှာ ကိုယ့်အယူအဆကို ပြောရဲဆိုရဲ၇မယ် မှန်ဖို့တော့လိုတာပေါ့
မှန်ဖို့လိုတယ်ဆိုတော့ ဦး ဇာဂနာ စကား သတိ၇မိသား မှန်တိုင်းလည်း မကောင်းဘူးလေ ။ဒါကပဲကြောက်စိတ်များရဲ့အရင်းခံလား၊??

နေပျော်တဲ့ဘဝ

အဝေးဆုံးကိုလည်း မျှော်ကိုးလို့
မစောင့်စားချင်တော့ပါဘူး
အနီးဆုံးကိုရောက်လာဖို့လည်း
ထပ်ပြီးတော့ မတောင်းဆိုပါဘူး
ခဏတာ ငါ အပျင်းပြေဖို့
နောက်တစ်ယောက်ကိုလည်း ဒုက္ခမပေးချင်ဘူး
ညဘက် ညဘက် ယောင်ယမ်းပြီး
ကော်ဖီတစ်ခွက်နဲ့ လမင်းကိုမကြည့်ချင်တော့ဘူး
ဖြစ်နိုင်ရင်ဖုန်းတောင် မမြင်ချင်ဘူး
နင်တစ်ယောက် မရှိတော့တာကလွဲလို့
အားလုံးနဲ့ ဘာမှ မပြောင်းလဲ
အရင်အတိုင်း အရယ်တစ်ချက်မပျက်ဘဲ
game တွေထဲ စိတ်နှစ်လို့
ပျော်ပျော်နေတတ်တာ
ကြာပြီပဲ ချစ်သူ...။

ခြောက်သွေ့တဲ့နေ့လည်ခင်းတွေ

ငါ တစ်ခါမှ မတွေးခဲ့ဘူး
ပျော်ရွှင်ရင်ခုန်ခြင်းတွေက ငါ့အတွက်
ဒဏ်ရာတွေပဲ ဖြစ်စေမယ်ဆိုတာ
ကြိုမသိခဲ့ဘူး မသိခဲ့တာမဟုတ်ပါဘူး
တစ်စွန်းတစ်စ ရိပ်မိခဲ့ပေမယ့်
မသိချင်ယောင်ဆောင်ခဲ့မိပါတယ်
ငါ့ကိုယ်ငါ လိမ်ခဲ့မိတာလား ဟုတ်မှာပါ
ရင်ခုန်ခြင်းတွေကို ပြန်တမ်းတမိခဲ့လို့
uni ရဲ့ခြောက်သွေ့သွေ့ နေ့လည်ခင်းတွေဆို
နင့်အတွက် ကဗျာတွေစပ် အတိတ်ကိုပြန်တွေးလို့
မေ့လို့မှမရသေးတာဘဲဟာ
ချစ်တာနဲ့မုန်းတာတွေက ဖြစ်ပေါ်လွယ်သလား
တစ်ချို့တွေက နောက်တစ်ယောက်ကို ပြောင်းချစ်ကြပေမယ့်
ငါ့အတွက်ကတော့
တစ်သက်တာ ငါ့ရင်ထဲမှာ အမှတ်ရနေမှာက
နင့် hand phone နံပါတ် နင့်နာမည်၇ယ်
ငါတို့ရဲ့ များပြားလှတဲ့ အမှတ်တရတွေလေ
ဖြစ်နိုင်ရင် အခွင့်ရှိသေးရင် နင့်ကိုမေးချင်ပါတယ်
ငါတို့အမှတ်တရတွေ တိုက်ဆိုင်လာတဲ့အခါ
နင် ငါ့ကို ငွေ့ငွေ့လေးတောင်မှ
သတိရပေးရဲ့လားဟင်...။

ရိုးမြေကျ

နင့်ဆံပင်မတိုမရှည်လေး
တစ်ခါတစ်လေ ငါ့လက်နဲ့ ဖွဖွလေးသပ်လို့
နမ်းရှိုက်ချင်တယ်...
ငါ့မေးစေ့နားက နင့်ပုခုံးလေး
တစ်ခါတစ်လေ မေးတင်ပြီး ခဏပဲဖြစ်ဖြစ်
နေချင်တယ်...
နင့်လက်ချောင်းသွယ်သွယ်လေး
တစ်ခါတစ်လေ ဆုပ်ကိုင်လို့
ကျန်းမာရေး ဂရုစိုက်ဖို့ပြောချင်တယ်...
နင်ဆိုတဲ့ သီချင်းသံလေး
အမြဲပဲ နားထောင်လို့
နေ့သစ်တွေကို ရှေ့ဆက်ချင်တယ်...
နင့်စကားသံတိုင်းကို
ဂရုစိုက်နားထောင်လို့
စကားတွေ အမြဲပြောပြီး
တစ်သက်လုံး နင့်ဘေးမှာ
အမြဲ ငါ..ရှိချင်မိတယ်...။

နောက်ဆုံးဆန္ဒ

ဝေးသွားမှ နင်ငါ့ကိုလှမ်းကြည့်တဲ့အခါ
အတားအဆီးမဲ့ ကျဆင်းလာတဲ့
ငါ့မျက်ရည်တွေကို နင်မမြင်နိုင်ဘဲရှိနေမယ်

တဖက်သတ်ဆန်တဲ့ နင့်ခံစားချက်တွေနဲ့
အားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါ
ငါ့ရဲ့ဂရုစိုက်မှုတွေက အရာမရောက်ဘဲရှိနေမယ်

အမုန်းတရားတွေပဲ နင့်ရင်ထဲမှာရှိနေတော့
ငါ့ရင်ထဲက ချစ်ခြင်း
နင် မမြင်သာဘဲရှိနေမယ်

နင့်ရင်ထဲ အတိတ်က အရိပ်တွေက
လွှမ်းမိုးနေခဲ့တော့ ငါဖန်ဆင်းပေးတဲ့
နေ့သစ်တဲ့ ရှုခင်း နင်မမြင်သာဘဲ ရှိနေမယ်

ဥပေက္ခာပြုလို့ နင်ထွက်သွားခဲ့လည်း
ငါ့ရင်ထဲက စာနာစိတ်နဲ့ ခွင့်လွှတ်ခြင်း
နင်မြင်နိုင်ပါစေ ဆုတောင်းတယ်....။

Monday, April 19, 2010

မပြောနဲ့

ကမ္ဘာမှာ အချစ်မေတ္တာတွေ၇ှားပါးကုန်သတဲ့
ငါ့ရင်ဘတ်ကိုငါပြန်စမ်း
တော်ပါသေးရဲ့ အချစ်ရှိသေးလို့
ဟင့်အင်း မပြောပါနဲ့
အချစ်အကြောင်း မပြောချင်လို့ပါ
အချစ်ကိုသိပ်ယုံခဲ့ဖူးတယ်
ဆယ်ကျော်သက်ကိုးဗျ
တခြားသူတွေနဲ့သာ လူရည်လည်အောင် ဆက်ဆံခဲ့ရင်
သူ့အသံငါ့အတွက် အရမ်းချိုနေမှာမဟုတ်ပါဘူး
ဟော...မပြောချင်ပါဘူးဆို
သူတော်တော်ရက်စက်တာဗျ
တစ်ချိန်ကလည်း သူပဲဖုန်းမပြောရမနေနိုင်
ခုတော့လည်း ဖုန်းဆက်တိုင်း မအားဘူးတဲ့
မိုးမိုးရဲ့ အလုပ်ရှုပ်သူသီချင်းလိုပေါ့ဗျာ
ဟောဗျာ... မပြောချင်ပါဘူးဆိုမှ
ခုတော့လည်း နေတတ်အောင် ကြိုးစားရတာပေါ့
စွန့်လွှတ်ခြင်းတွေ ခွင့်လွှတ်ခြင်းတွေ ငါကျင့်သုံးတယ်
ကံကြမ္မာတွေငါ ယုံကြည်လာတယ်
ခု နေတတ်လာပါပြီ သူ့အကြောင်းတွေးရင်
မျက်ရည်ကျတာကလွဲလို့ပေါ့
ဟောဗျာ...မပြောချင်ပါဘူးဆိုနေမှ
ပြောချင်တာတစ်ခုတော့ ရှိတယ်ဗျ
ငါကနည်းနည်ရူးမိုက်တယ်
သူ့ကိုစွန့်လွှတ်လိုက်ပေမယ့်
ရင်ထဲသိမ်းထားတုန်း
ငါ့ကိုယ်ငါအရမ်းမုန်းတာနော်
ဒါကြောင့် ပြောတာပေါ့
အချစ်အကြောင်း မပြောပါနဲ့ဆို...။

ကျေနပ် နေတတ် အချစ်သက်သက်

မထူးဆန်းတော့ပါဘူး
ဒီလိုပဲငါတစ်ယောက်တည်း လွေင့်ခဲ့တာကြာပြီပဲ

ဘယ်သူ့ကိုမှလည်းအပြစ်တင်စရာမလိုပါဘူး
ငါ့စိတ်ကိုငါ တရားချပြီးလို့ပဲ

တဖြည်းဖြည်းနဲ့ စွန့်လွှတ်ခြင်းတရား
ငါသဘောပေါက်လာတယ်
နင်က သိအောင် သင်ပြပေးခဲ့တာပဲ

အိပ်မက်တွေကိုလည်း မျက်ရည်မြစ်ကြောင်းနဲ့
အဝေးကိုမျှောချလိုက်တယ်
ငါ့ဘ၀လေးမှာ ငါနေတတ်လာပြီပဲ

စွန့်လွှတ်ခြင်းမှာ အခြားဘာအရာမှမပါဘဲ
စွန့်လွှတ်ခြင်းသက်သက်သာ ပါဝင်တယ်
အချစ်တွေက ငါ့ရင်ထဲမှာ ရှိနေသေးလို့ပဲ....။

Saturday, April 17, 2010

သိပါစေ

"သင်္ကြန်"
သင်္ကြန်တဲ့
အဲဒီ့စကားစုလေးက လူအများရင်ကို
အေးချမ်းစေတယ်
သူများတွေေ၇ပက်ခံထွက်လို့
ပျော်မြူးနေခိုက်မှာ
ငါကတော့ ငါ့အခန်းလေးထဲ
စိတ်ကူးတွေနဲ့စကားပြောနေတုန်းပဲ
ငါ့ရင်ဟာ နင့်ဥပေက္ခာတွေကြောင့်
ပူလောင်နေ၇ပေမယ့်
ချစ်သူရေ
ဒီသင်္ကြန်မှာ နင့်အတွက်
ငါ မေတ္တာပို့သမိသေးရဲ့
"အတာရေတွေနဲ့အတူ
နင့်စိတ် ရွှင်လန်းအေးချမ်းပါစေ..."

Monday, April 12, 2010

အကြောင်းပြချက်မဲ့

တကယ်ကိုပဲ ပင်ပန်းလွန်းလို့ပါ
အဝေးဆုံးမှာနေချင်မိတယ်
ငါ့ဘက်က မကျေနပ်ချက်တစ်ချို့
ဖွင့်ထုတ်ဖို့ဖုန်းဆက်လိုက်တိုင်း
နင့်အသံကြားတာနဲ့ တောင်းပန်စကားတွေ
အစီအစဉ်မဲ့ ထွက်လာတယ်
ငါ့ကိုယ်ငါ တားဆီးရင်းနဲ့ပဲ
မှားပြီးရင်းမှားလို့နေတယ်
နင့်အကြောင်းတွေးတာနဲ့
ငိုချင်မိတဲ့ ငါ့စိတ်ကိုလည်း ငါမသိဘူး
ဘာကြောင့် နင့်အသံက
ငါ့အတွက် ပိုချိုမြိန်နေတာလည်း ငါမသိဘူး
တောင်းပန်စကားအခါခါဆိုလို့
တုန်ရီနေတဲ့ ငါ့နှုတ်ခမ်းတွေအကြောင်း ငါမသိဘူး
အရင်က နင့်ရယ်သံကို
ထပ်ခါထပ်ခါ ကြားချင်တဲ့ ငါ့စိတ်လည်း ငါမသိဘူး
မျက်ရည်တွေ အတားအဆီးမဲ့ ကျဆင်းလာတဲ့
ငါ့မျက်ဝန်းအကြောင်း ငါမသိဘူး
နင့်ကိုဘာလို့ ဒီလောက် ချစ်ရတာလဲ
ငါမသိဘူး........

Saturday, April 10, 2010

နောက်ဆုံးဆန္ဒ

ဝေးသွားမှ နင်ငါ့ကိုလှည့်ကြည့်တဲ့အခါ
အတားအဆီးမဲ့ကျဆင်းလာတဲ့
ငါ့မျက်ရည်တွေကို နင်မမြင်နိုင်ဘဲ ရှိနေမယ်
တစ်ဖက်သတ်ဆန်တဲ့ နင့်ခံစားချက်တွေနဲ့
အားလုံးကို ခြုံငုံကြည့်တဲ့အခါ
ငါ့ရဲ့ဂရုစိုက်မှုတွေက အရာမရောက်ဘဲရှိနေမယ်
အမုန်းတရားတွေပဲ နင့်ရင်ထဲမှာ ရှိနေတော့
ငါ့ရင်ထဲက ချစ်ခြင်း
နင်မမြင်သာဘဲရှိနေမယ်
နင့်ရင်ထဲ အတိတ်က အရိပ်တွေက လွှမ်းမိုးနေခဲ့တော့
ငါဖန်တီးပေးတဲ့ နေ့သစ်ရဲ့ရှုခင်း
နင်မမြင်သာပဲရှိနေမယ်
ဥပေက္ခာပြုလို့ နင်ထွက်သွားခဲ့လည်း
ငါ့ရင်ထဲက စာနာစိတ်နဲ့ ခွင့်လွှတ်ခြင်း
နင်မြင်နိုင်ပါစေ ဆုတောင်းတယ်.....။

ရှင်သန်ရာ

လိုချင်လား ငါ့အသည်းနှလုံး
ခွဲထုတ်ယူသွားလိုက်
တခြား ဘယ်သူနဲ့ရင်ခုန်စရာရှိသေးလို့လဲ

ယူမှာလား ငါ့အချစ်တွေ
မြူမှုန်မကျန်အောင်ယူသွားပါ
နင့်အပြင်ဘယ်သူ့ကိုမှပေးစရာမရှိပဲ

ထပ်လိုသေးလား အမုန်းတွေ
မယူလိုက်ပါနဲ့
နင့်နှလုံးသားပွန်းပဲ့မှာစိုးလို့ပါ

လိုချင်လား အမှတ်တရတွေ
ဟင့်အင်း မယူသွားပါနဲ့
ငါ့အတွက်...ရှင်သန်ရာဖြစ်နေလို့ပါ။

ဘာကြောင့်များ

ငါမသိခဲ့ဘူး
ဘာကြောင့် နူးညံ့တဲ့လေသံတွေ
အခါးဘက်ကူးပြောင်း
ဘာကြောင့် ပြောစရာများတဲ့နင်က
စကားလုံးတွေရှားပါး
ဘာကြောင့် အရင်ကဖုန်းလာသံက
အခုတော့ တိတ်ဆိတ်
နင်က တစ်စုံတစ်ယောက်ကြောင့်
နင်ကိုယ်တိုင်လဲ ဖြစ်ချစ်ဖြစ်မယ်
ငါတို့အမှတ်တရတွေ နင်ပဲရိုက်ချိုးဖျက်ဆီးခဲ့တာ
ငါအဲဒီ့တစ်စုံတစ်ယောက်ကို မမုန်းဘူး
နင့်ကိုလည်းမမုန်းဘူး
နင့်ကိုရူးတဲ့ ငါ့ကိုယ်ငါပဲမုန်းတယ်
နင်ပြန်မလာနဲ့တော့လို့ပြောချင်လည်း
ငါ့စိတ်ရင်းက လိုအပ်ပြီး
မာနက တင်းခံနေတယ်
ငါ နင့်အချစ်ကို ဒူးထောက်တောင်းရလောက်အောင်
မာနမမဲ့ဘူး
ဒါပေမယ့်....
နင့်ကိုချစ်တဲ့အကြောင်း စဉ်းစားမိရင်တော့
ငါ......မာနမဲ့သွားတယ်။

Friday, April 9, 2010

ချယ်ရီမြေ

ဒီလိုပဲ အတွေးတွေနဲ့ ညတိုင်း
အခုကတော့ ချယ်ရီမြေမှာ
ဘာတွေကိုစဉ်းစားနေဦးမလဲ
စိတ်ကိုအပျော်ဆုံးထားမယ်ပေါ့
တစ်နာရီကုန်တိုင်း ယုတ်လျော့သွားတဲ့
ငါ့စိတ်...
တစ်ယောက်နဲ့တစ်ယောက်
နှစ်နာ၇ီအကွာ မှာရှိနေတယ်
ငါ့ကိုတောင်တန်းတွေက အကျဉ်းချထား
ငါ့စိတ်တွေက နင်ရှိတဲ့ တောင်ကြီးမှာပေါ့
ငါ့မှာ စိတ်သာရှိတာပါ
နင့်ကိုတွေ့ဖို့ခွန်အားမရှိပါဘူး
နင့်ကိုတွေ့တိုင်း
အသံကြားတိုင်း
ငါ့မှာ အားလျော့လွန်းလို့
မေ့ဖို့ကြိုးစားရင်းကနေ
ဒီမြေ..ချယ်ရီမြေမှာ အတူတူရှိနေတယ်လို့ တွေးလိုက်ရင်ပဲ
ငါ့စိတ် လုံခြုံသွားတယ်
ဒီလမ်းတွေက သူ၇န်ကုန်ကိုလာတဲ့လမ်းလို့
တွေးမိတိုင်း...နင်ရှိတုန်းကလိုပဲ
ငါ့စိတ်နွေးထွေးသွားတယ်
ဒါပေမယ့်....ငါတို့တွေ့ဖို့အချိန်မတန်သေးသလို
ဒီခရီးကလဲ နင့်အတွက် မဟုတ်ခဲ့ဘူးလေ...။